Skip to main content

ပုဂံ အကြောင်း ထွေရာလေးပါး

ပုဂံကို ခဏတိုင်းသွားပြီး ဓါတ်ပုံတွေရိုက်တယ်။ လျှောက်သွားတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုတော့ ပုဂံကို လာလည်တဲ့ မြန်မာလူမျိုးတွေ (တချို့) ပုဂံလာရကျိုး မနပ်သလိုပဲ။ တခါလာလည်း စွယ်တော်လေးဆူနဲ့ တခြား နာမည်ကြီး ဘုရားတွေပဲ ဘုရားရှိခိုးပြီးပြန်သွားကြတယ်။ သူတို့တော့ဘယ်လိုနေမယ်မသိဘူး။ ကိုယ်တော့ လာရကျိုးမနပ်ဘူးလို့ သူတို့အစား နှမျောမိတယ်။ တကယ်ဆို ပုဂံမှာ ကြည့်စရာတွေ အပြည့်ပါဗျာ ။ ကြည့်ရတာ မြန်မာတွေက ပုဂံကို ဘုရားရှိခိုးဖို့ပဲလာပြီး နိူင်ငံခြားသားတွေက ရှေးဟောင်းအမွေအနှစ်တွေကို ကြည့်ဖို့လာတာပဲ ဖြစ်ရမယ်။
ပုဂံမှာ နှစ်ပေါင်းထောင်ချီပြီး တည်မြဲနေတဲ့ ဗိသုကာလက်ရာတွေ ရှေးဟောင်း အနုပညာလက်ရာတွေ မှ အများကြီးပါ။

ကျွန်တော်ဆို ပုဂံသွားခါနီးတိုင်း  ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ တခါတုန်းကဆို ဆရာ ပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်ဖတ်ပြီး ပုဂံရောက်သွားတာ စာအုပ်ထဲက ဘုရားတွေကို လိုက်ရှာ ပြီး ရောက်အောင်သွားတော့တာပဲ။

ပုဂံဘုရားတွေမှာ ဘီလူးပန်းဆွဲတွေ တွေ့မိတာနဲ့ ရှာဖတ်မိတဲ့စာလေး တွေ့လို့ ပြန်မျှဝေလိုက်တာပါ။

ဘီလူးပန်းဆွဲ (သို့) ဘီလူးပန်းကိုက်
ဗုဒ္ဓ နဲ့ဆိုင်တဲ့သာသနိကအဆောက်ဦးတွေမှာ ဟိန္ဒူ နဲ့ဆိုင်တဲ့ အနုပညာလက်ရာတွေအမြောက်အများတွေ့ရပါတယ်။
မြန်မာနိုင်ငံသာမက အင်ဒိုနီးရှား ကမ္ဗောဒီးယား ယိုးဒယား အိန္ဒိယ ရှိ ဗုဒ္ဓ အဆောက်အဦးများ ၏ တံခါးမုဒ်တွင် ဘီလူးပန်းဆွဲ အဆင်တန်ဆာ ရှိနေပါသည်။
ဘီလူးပန်းဆွဲ/ဘီလူးပန်းကိုက် သည် ဘီလူးပါးစပ် တဘက်တချက်မှ ပုလဲလုံးများအစီရီတန်း၍ထွက်လာပုံ ခြူးပန်း ခြူးနွယ်များ တွဲရရွဲကျလာပုံ ပြုလုပ်ထားသော အမွမ်းအပြောက် အဆင်တန်ဆာ ဖြစ်လေသည်။
ဘီလူးပန်းဆွဲကို ကိတ္တိမုခ ဟုခေါ်သည်။
ကိတ္တိ=ကျော်စောခြင်း
မုခ=မျက်နှာ/နှုတ်ခမ်း
ကိတ္တိမုခခေါ်ဘီလူးပန်းဆွဲရုပ်သည် ဗြဟ္မဏ ဘာသာ သီဝနတ်ဂူဘုရားတံခါးထုပ်တို့တွင် အနုပညာ အဆင်တန်ဆာဖြစ်သည်။
ဘီလူးပန်းဆွဲ/ကိတ္တိမုခ ဗြဟ္မဏဟိန္ဒူပုရာဏ်ကျမ်းတွင်
_ဇလန္တရခေါ် အသူရာနတ်သည် ယောဂအကျင့်ကို ပြင်းစွာအားထုတ်ခြင်းကြောင့် တန်ခိုးသိဒ္ဓိများရရှိနေပေ၏ ထို့ကြောင့် တန်ခိုးကြီးလှသော သီဝနတ်ကိုပင် ပမာမခန့်ပြုလာ၏ သီဝနတ်လက်ထပ်မည့် ပါဗ္ဗတီနတ်သမီးကို လိုချင်တက်မက်ကာ စေလွှတ်အတောင်းခိုင်းခဲ့၏။ရာဟုနတ်ကို စေလွတ်ခြင်းဖြစ်သည် ရာဟု၏တောင်းဆိုခြင်းကို သီဝနတ်မင်းကြီး ကြားလိုက်ရသည်နှင့် တပြိုင်နက် သူ၏နဖူးအလယ်ခေါင်နေရာ (အာဇဉာစကြ)မှ ဆင်ခေါင်းနှင့်နတ်ဘီလူးတစ်ကောင်ကိုဖန်ဆင်းလိုက်လေသည်။ ထိုဘီလူးဟိန်းသံကား မိုးချုန်းသံကဲ့သို့ဖြစ်၏ မျက်လုံးသည် မီးကဲ့သို့ ရဲရဲပြောင်ပြောင်တောက်လောင်၏ လည်ဆံမွေးသည် စကြဝဠာတခုလုံးကိုပြန့်ကား၏ သူကားအသားစားရန် ရမက်ပြင်းလှ၏။
ရာဟုနတ်သည် တုန်လှုပ်လာလေသည်။ ထို့ကြောင့် သီဝနတ်မင်းကြီး ကိုအသနားခံလေသည် သီဝနတ်မင်းကြီးမှာ မဟာဂရုဏာရှင်ဖြစ်ပေသည်။ သူဖန်ဆင်းသည့်ဘီလူးသည်လည်း ရာဟု ကိုမစားရတော့ပေ။ သို့ရာတွင်အစာလိုလေသည် ။ထို့ကြောင့် သူ့ခြေလက်သူစားရန် သီဝနတ်မင်းကြီးအမိန့်ပေးလေသည် ။ဘီလူးသည်အမိန့်တိုင်းစားခဲ့ရာ ကိုယ်ကိုပင်မချန်နိုင် ခေါင်းသာကျန်လေတော့၏။ သီဝနတ်မင်းကြီး က သင့်ကို ယခုမှစ၍ ကိတ္တိမုခဟုခေါ်တွင်စေ ငါ့တံခါး၌ အမြဲတမ်းသင်စောင့်ရှောက်ရမည်ဟု အမိန့်ပေးလေသည်။
မည်သည့် ဟိန္ဒူ ဂူဘုရား၌မဆို အဆင်တန်ဆာအဖြစ်လည်းကောင်း ဘေးအန္တရာယ်ကို ကာကွယ်နိုင်သောအထိမ်းမှတ်အဖြစ် ဘီလူးပန်းဆွဲ ကိုတွေ့ရှိရပါသည်။
စာကိုး_ဦးအောင်သော် (ဘီလူးပန်းဆွဲ)


ဘီလူးပန်းဆွဲ

ဘီလူးပန်းဆွဲအကြောင်း ဝီကီမှာဖတ်ရန်

ပုဂံခေတ်က ထုဆစ်ခဲ့တဲ့ ပန်းတမော့ လက်ရာတွေကို ကြည့်ချင်တယ်ဆိုရင် ကျောက်ကူးဥမင် မှာ ကြည့်လို့ရပါတယ်။ ကျောက်ကူးဥမင် ဆီကိုတော့ ညောင်ဦးကနေ မြို့အပြင်ကို နာရီဝက်လောက် ဆိုင်ကယ်နဲ့ သွားရပါတယ်။ကျောက်ကူးဥမင် က ဂူဘုရားပုံစံဖြစ်ပြီးတော့ ထူးခြားတာက အထဲမှာ ဥမင်လိုဏ်ခေါင်းတွေ ရှိနေတာပါ။  ဒီဥမင်လိုဏ်ခေါင်း ၂ ခုက ပုဂံက ရွှေစည်းခုံ နဲ့ အာနန္ဒာ တွေဆီပေါက်တယ် လို့ သိရပြီး ၁၉၇၅ မြေငလျင်ကြောင့်လမ်းပိတ်သွားခဲ့တယ် လို့ ဘုရားမှာရှိတဲ့ အစောင့်က ပြောပါတယ်။


ပုဂံ ကျောက်ဆစ်လက်ရာ


Comments

Popular posts from this blog

အင်းဝသို့

မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက်  ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို  ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။

Media Server set up

အိမ်မှာ ရုပ်ရှင်ကြည့်တယ်ပေါ့။ ပြဿနာက ဒီလို။ အိမ်ရှေ့ခန်းထဲမှာက  Mi TV 4S နဲ့ ကြည့်တယ်။ အိပ်ရာထဲရောက်သွားရင် Tablet or phone or laptop နဲ့ ကြည့်တယ်။ အိမ်ရှေ့က ဆိုင်ထဲမှာဆို ဆိုင်ထဲမှာထားတဲ့ desktop PC နဲ့ကြည့်တယ်။ ဒီနေရာမှာ Netflix ဝယ်ကြည့်လေလို့ ပြောရင်လည်းခံရမှာပဲ။ Netflix လည်း ဝယ်ကြည့်ပါတယ်။ ဝယ်သာဝယ်ထားတာ သိပ်လည်း မကြည့်ဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတိုင်းက Netflix မှာ မရှိဘူး။ ပြီးတော့ လစဉ်ကြေးကလည်း ထည့်တွက်ရဦးမယ်။ အဲ့ဒါနဲ့ Media server လုပ်ဖြစ်သွားတာပဲ။ Media server ဆိုတာကတော့ ရုပ်ရှင်တွေ media တွေကို အိမ်မှာရှိတဲ့ HDD တစ်လုံးထဲကိုထည့်ထားပြီးအဲ့ထဲက ရုပ်ရှင်တွေကို အိမ်မှာရှိတဲ့ TV, Tablet, Phone နဲ့ Computer တွေကနေ ဝင်ကြည့်လို့ရသွားတာကို ပြောချင်တာပါ။ အဲ့ဒါနဲ့ ဘာ softwareသုံးရမလဲ လိုက်ရှာရင်း Flex ကို တွေ့တယ်။ ဒါပေမယ့် free version မှာ streaming က တစ်မိနစ်ပဲရတယ်။ Kodi ကျတော့ standalone ပဲ သုံးလို့ အဆင်ပြေတယ်။ ဘယ်လိုလုပ်ရမလဲ မသိလို့လားတော့ မသိဘူး။ အဲ့ဒါနဲ့ လိုက်ရှာရင်း EMBY ကို သွားတွေ့တယ်။ https://emby.media/ Emby က platform တော်တော်များများကို ...